Monday, October 10, 2016

e-Government ဆိုသည် မှာ

အစိုးရ (Government)

ကမ္ဘာပေါ်တွင် လူအများဆုံးနှင့် ထိစပ်နေရပြီး ယင်းလူအများ၏ လူနေမှုဘ၀များ အတွက် ဆောင်ရွက်ပးနေ ရသော အကြီးဆုံးသော အဖွဲ့အစည်းမှာ အစိုးရပင်ဖြစ်ပါသည်။ အစိုးရ ပေါ်လစီများသည် တိုင်းပြည်အတွင်း မှီတင်းနေထိုင်သော ပြည်သူတစ်ဦးခြင်းစီ လူမှုအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုး တိုးတက်မှု အပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ အစိုးရသည် တိုင်းသူပြည်သားများ၏ နေ့စဉ်ဘ၀အပေါ် လွှမ်းမိုးလျက်ရှိသောကြောင့် အစိုးရကောင်းမှဖြစ်မည်၊ အစိုးရမြန်မှ ဖြစ်မည်၊ အစိုးရမှန်မှ ဖြစ်ပါမည်။ ထို့ကြောင့် တရုတ်ပညာရှိ ကွန်ဖြူးရှပ်(စ်)၏ အဆိုအမိန့်တစ်ခုကိုရည်ညွှန်းရသည်ရှိသော-

The art of government simply consists in making things right or putting things in their right places. When the ruler himself in “right”, then the people naturally follow him in his right course. Confucius (551-479 BC)

အစိုးရ၏လုပ်ငန်းတာဝန်များမှာ များမြောင်လှပါသည်။ အဓိကတာဝန်ယူဆောင်ရွက်ပေး ရသော လုပ်ငန်း တာဝန်များမှာ -

• နိုင်ငံတကာဆက်ဆံရေး

• တိုင်းပြည်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ကာကွယ်ရေး

• တိုင်းပြည်အေးချမ်းသာယာရေး

• တရားဥပဒေစိုးမိုးရေး

• အများပြည်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး

• စီးပွားရေးတိုးတက်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး

• ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ဖြစ်ပါသည်။

ယင်းတို့ကို ထင်သာမြင်သာအောင် ဖော်ပြရမည်ဖြစ်၍ အိမ်ယာ၊ အဆောက်အဦများ၊ လမ်း၊ တံတားများ ဆောက်လုပ်ခြင်း၊ အများပြည်သူ သုံးလျှပ်စစ်၊ ရေ၊ သန့်ရှင်းရေးတို့ကို ပြည့်စုံအောင် ဆောင် ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စက်မှုလက်မှု၊ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်အားဖြင့် အလွန်များမြောင်လှပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ဖွဲ့စည်းထားသောအစိုးရမှာ ဒီမိုကရေစီ အစိုးရ ဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ အခြေခံ လွတ်လပ်ခွင့်ကို ကာကွယ်ခြင်းနှင့် ရွေးကောက်ပွဲများကို တရားမျှတစွာပြုလုပ်နိုင်ရန် စည်းစနစ် ပေါင်းများစွာ ရေးဆွဲသတ်မှတ်ခြင်းဟူသော တာဝန်ယူစရာများလည်း ရှိပါသည်။

ဤကဲ့သို့သော များမြောင်လှစွာသော အစိုးရ၏ တာဝန်ဝတ္တရားများနှင့် ပြည်သူတစ်ဦးချင်းစီနှင့် တိုင်းပြည် တစ်ခုလုံး၏ နေ့စဉ် ဘ၀အပေါ် လွှမ်းမိုးထားရသော အစိုးရအနေဖြင့် နိစ္စဒူဝလုပ်ငန်းများကို စွမ်းဆောင်နိုင်ရန် ကုန်ကျစရိတ်ကြီးမားစွာ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကို အုပ်ချုပ် လုပ်ကိုင်သော်လည်း စွမ်းရည်မပြည့်ဝခြင်း၊ အစိုးရ၀န်ထမ်းများ တာဝန်ခံမှုမရှိခြင်း၊ အစိုးရလုပ်ဆောင်ချက်များ ထင်သာမြင်သာ မရှိခြင်း၊ အဂတိလိုက်စားခြင်း စသည်များ ဖြစ် ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရများမှာ အစိုးရပုံစံသစ် ပြောင်းလဲရန် (Reinvent the Government) ဟူ၍လည်းကောင်း၊ NPM (New Public Management) ဟူ၍လည်းကောင်း၊ (Government 2.0) ဟူ၍လည်းကောင်း ကြွေးကြော်ပြီး ကြိုးပမ်း ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် အစိုးရအုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားအပေါ် အလေးပေး ထားပြီး ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှုအားနည်းခဲ့သောပုံစံမှ ပြည်သူလူထုအပေါ် ဆောင်ရွက်ပေးမှု အလေးထားပြီး အစိုးရအုပ်ချုပ်မှုယန္တရား သေးငယ်စွာဖြင့် အလုပ်လုပ်နိုင်မည့် ပုံစံအမျိုးမျိုးတို့ ကူးပြောင်းရန် ဖြစ်ပါသည်။

အထက်ပါအတိုင်း အစိုးရပုံစံ ပြောင်းရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း လက်တွေ့တွင် ထိရောက်အာင်မြင်မှု ရှိသင့်သလောက်မရှိခဲ့ရာ အစိုးရပုံစံပြောင်းရေးအတွက် အခြေခံကျသော တွန်းအား တစ်ခုခုလိုနေပြီဟု သဘောပေါက်လက်ခံခဲ့ကြပါသည်။ ယင်းလိုအပ်နေသော တွန်းအားသည် ICT ဟုခေါ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information & Communication Technology) ပင်ဖြစ်ပါသည်။ ICT နည်းပညာ တစ်ရှိန်ထိုး တိုးတက်ပြောင်းလဲလာခဲ့သောကြောင့် လူတို့ နေ့စဉ်နေထိုင် အလုပ်လုပ်ကိုင်ပုံ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ပုံ၊ အစိုးရ အနေဖြင့် ပြည်သူလူထုကို ဆောင်ရွက်မှု ပေးပုံတို့ကိုများစွာ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ICT နည်းပညာကို အစိုးရမှ အားကိုးပြုပြီး ပြည်သူလူထု၊ စီးပွားလုပ်ငန်းများ၊ အစိုးရ၀န်ထမ်းများအပေါ် အကျိုးကျေးဇူး ရရှိလာအောင်ပြုလုပ်ခြင်းကို Electronic Government (သို့) e-Government ဟူ၍ အမည်နာမ တတ်ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ သာမန်အားဖြင့် e-Government ကို အင်တာနက် အသုံးပြု၍ အစိုးရ လုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူလူထုသို့ အစိုးရဆောင်ရွက်မှုများလာခြင်းဟူ၍ အသိများသော်လည်း e-Government သဘောတရားများ၊ နည်းပညာ၊ အခြခံအဆောက်အဦ၊ စီးပွားရေးဖြစ်စဉ်၊ လူ့စွမ်းအား အရင်းအမြစ်တို့သာမက ယင်းတို့အားလုံး ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသော ကျယ်ပြန့်နက်ရှိုင်းသော အခြေ အနေကြီး တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် e-Government ပုံစံဖြင့် အောင်မြင်စွာ ဆောင်ရွက်မှု များပေးနိုင်ရန်မှာ ပါဝင်ဆက်သွယ်နိုင်သော ဌာနများ၊ အဖွဲ့များအားလုံးဆက်စပ်ညှိနှိုင်း ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

e-Government ဆိုသည်မှာ -

e-Government ကို “Digital Government” ဟူ၍ လည်းကောင်း၊ “Internet-worked Government” ဟူ၍ လည်းကောင်း၊ “Government Online” ဟူ၍လည်းကောင်း၊ အမျိုးမျိုး ခေါ်ဆိုကြရာ အခြေခံအနှစ်သာရမှာ အတူတူပင်ဖြစ်ပါသည်။ အစိုးရအနေဖြင့် အင်တာနက်၊ အထူးသဖြင့် Web-base Internet အနည်းပညာကို အသုံးပြုပြီး ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၀န်ထမ်းများနှင့် အစိုးရလုပ်ငန်း အချင်းချင်းတို့အား အစိုးရဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာပေးခြင်းဟူသော အဓိပ္ပာယ်သဘောရပါသည်။ အချို့ကမူ e-Government ဆိုသည်မှာ အစိုးရနှင့် ပြည်သူလူထုအကြား ဆက်စပ်ဆောင်ရွက် လုပ်ကိုင်မှုများကို အီလက်ထရောနစ် ပုံစံဖြင့်ပြုလုပ်ခြင်းဖြစ်သည် ဟူ၍လည်း လွယ်လွယ်ကူကူ အဓိပ္ပာယ်ဖွင့် တတ်ကြပါသည်။ အမှန်တကယ်တွင် e-Government ဟူသည် ပြည်သူလူထုက အစိုးရ ဆောင်ရွက်မှုများကို အီလက်ထရောနစ် ပုံစံဖြင့် ပိုမိုလျင်မြန် ထိရောက်စွာ ပေးနိုင်ခြင်းအပြင် အစိုးရ အချင်းချင်းလည်း ပို၍ ဆက်စပ် ထိရောက်စွာ ဆောင်ရွက်လုပ်ကိုင်လာနိုင်သော အကျိုးတရားကိုပါ ရရှိစေနိုင်သောကြောင့် အစိုးရ လုပ်ငန်းတွင် အီလက်ထရောနစ်ပုံစံဖြင့် ဆောင်ရွက် လုပ်ကိုင်နိုင်သည်။ “e-Administration” သဘော တရားလည်း ပေါင်းစပ်ပါဝင်နေသည်ဟုလည်း သိရန်လိုအပ်ပါသည်။ ထို့ကြောင့် “e-Government” ကို အဓိပ္ပါယ်ဖွင့်ရာတွင် အစိုးရ ဆောင်ရွက်မှုများကို ပိုမိုလျင်မြန်ထိရောက်စေရန် အီလက်ထရောနစ်နည်းပညာ (သို့) အင်တာနက် နည်းပညာအသုံးပြုပြီး ဆောင်ရွက်ခြင်းဟူသော ကျဉ်းမြောင်းသည့် အဓိပ္ပာယ် ဖွင့်ဆိုမှုအစား၊ ခေတ်မီ ICT နည်းပညာများကို အသုံးပြုပြီး အစိုးရ၊ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများအကြား အလျင်မပြတ်ပိုမိုဆက်စပ် တိုးတက်သွားရင်းဖြင့် တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ပါဝင်သော လူမှုအဆောက်အဦ တစ်ခုလုံး အတိုင်းအတာဖြင့် ပြောင်းလဲတိုးတက် သွားစေနိုင်သောဖြစ်စဉ်ဟု အဓိပ္ပါယ်ကျယ်ပြန့်စွာ ဖွင့်ဆိုနိုင်ပါသည်။

e-Government တွင် ပါဝင်အကျုံးဝင် မှုများ (Perspectives of e-Government)

အစိုးရလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ရေးတွင် အဓိကကျသော “အစိုးရ” (Government)၊ “ပြည်သူ” (Citizens) နှင့် “စီးပွားရေးလုပ်ငန်းများ” (Businesses) တို့ အကျုံးဝင်ဆက်စပ်နေသော e-Government အသွင်သဏ္ဍန်ကို ပုံ(၂)အတိုင်း တွေ့မြင်နိုင်ပါ သည်။ ယင်းအခြေခံ (၃) မျိုးတွင် အစိုးရသည် ဦးဆောင် အစပျိုးသူ (Initiator) အဖြစ်လည်း ကောင်း၊ လုပ်ငန်းအရှိန်မြှင့်သူ (Reactor) အဖြစ် လည်းကောင်း၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ထိစပ်ဆောင် ရွက် နေရမည် ဖြစ် ပါသည်။

Government-to-Government (G2G)

အစိုးရ လုပ်ငန်းအချင်းချင်း သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ လုပ်ဆောင်ချက်များကို အီလက်ထရောနစ်သဘော အွန်လိုင်း ဆောင်ရွက်ခြင်း တို့ပါဝင်သည်။ ယင်းလုပ်ငန်း စဉ်တွင် အစိုးရ၀န်ထမ်း အချင်းချင်း၊ အစိုးရဌာန အချင်းချင်း၊ ၀န်ကြီးဌာနအချင်းချင်း၊ အစိုးရ အချင်းချင်းတို့ အားလုံး အကျုံးဝင်ပါသည်။

Government to Business (G2B)

စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် ဆက်စပ်လုပ်ကိုင်ရသော လုပ်ဆောင်ချက်များ ကြိုးနီစနစ်ပုံစံမျိုး မဟုတ်ဘဲ လျင်မြန်သွက်လက်ပြီး ဆက်စပ်ဆောင်ရွက်နေရသော ကုန်ကျစရိတ် (Transaction Costs) သက်သာစေရန် အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများအကြား အွန်လိုင်း (Online) ဆောင်ရွက် လုပ်ကိုင်လာစေနိုင်မည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အစိုးရဌာနများ သို့ သွားရန်မလိုဘဲ (၂၄)နာရီမပြတ် e-Form များရ ယူနိုင်ခြင်း၊ ဖြည့်စွက်ပြီး ပြန်ပို့နိုင်ခြင်း၊ အဆို အပြုချက်များ တင်ပြနိုင်ခြင်း၊ ပါမစ်များလျှောက်ထားနိုင်ခြင်း စသည်တို့ကို လွယ်ကူလျင်မြန်စွာ ပြုလုပ်လာ နိုင်မည်ဖြစ်ပါသည်။

Government to Citizen (G2C)

အစိုးရနှင့် ပြည်သူလူထု နာရီမလပ် ဆက်စပ်နေပြီး အစိုးရဆောင်ရွက်မှုများကို ပြည် သူလူထုသို့ အီလက်ထရောနစ်၏ နည်းလမ်းဖြင့် ဆောင်ရွက်မှုပေးခြင်းမျိုး (Non-Stop Services) ဖြစ်သကဲ့သို့ ပြည်သူများ အနေဖြင့် အစိုးရဌာနများသို့ သွားရန်မလိုဘဲ တစ်နေရာ တည်းမှ တစ်ထိုင်တည်း အစိုးရ ဌာအားလုံးနှင့် သက်ဆိုင်သော လုပ်ငန်းများအားလုံးကို ဆောင်ရွက်နိုင်မည့် (One-Stop-Shop) ပုံစံ များလည်းပါဝင်သည်။ ထို့အပြင် မြို့ပြဒေသ၊ ကျေး လက်ဒေသဟူ၍ ခွဲခြားရန်မလိုတော့ဘဲ အစိုးရ လုပ်ဆောင်မှုများကို တစ်ပြေးညီပေးနိုင်မည့် (Universal Services) မျိုးလည်း ဖြစ်ပါသည်။

အီလက်ထရောနစ် အစိုးရဟူသော (e-Government) လုပ်ငန်းကို အကောင် အထည်ဖော်ရင်းဖြင့် အစိုးရ၏ စီမံအုပ်ချုပ်မှုကို ကောင်းမွန်စေသော (e-Government) ကိုလည်း တစ်ပါတည်း ဖြစ်ပေါ်စေ နိုင်ပါသည်။ (e-Governance) တွင်၊ (e-Administration)၊ (e-Citizen and e-Services)နှင့် (e-Society) တို့ပါဝင် လျက်ရှိပါသည်။ (e-Administration) ကြောင့် အစိုးရ လုပ်ငန်းများ စီမံအုပ်ချုပ် လုပ်ကိုင်မှုများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် ပြည်သူလူထုသို့ အစိုးရ ဆောင်ရွက်မှုများတို့ကို ကောင်းမွန် စွာပေးနိုင်ရန် (e-Citizens and e-Services) များ ပေါ်ပေါက်လာသကဲ့သို့ အစိုးရ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းများပါမကျန် အားလုံးဆက် စပ်ဆောင်ရွက်လျက်ရှိသော ဖြစ်စဉ်ကြီးကြောင့် (e-Society) ကြီး ပေါ်ပေါက်လာစေနိုင်ပါသည်။

e-Government လုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပုံ (e-Government Development Models)

e-Government လုပ်ငန်း အောင် မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ချမှတ်သောမဟာဗျူဟာ၊ ပါဝင် သက်ဆိုင်သူများ၊ နည်း ပညာစသည်တို့အားလုံးကို ပေါင်းစပ်ညှိနှိုင်းကာ လက်တွေ့ အကောင် အထည်ဖော်ရသော ကျယ်ပြန့် ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ e-Government အသွင်ပြောင်းလဲမှုဖြစ်စဉ်၏ ပထမဆုံးသော အချက်မှာ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို Web-site ပြုလုပ်ပြီး သတင်းအချက်အလက် ထုတ်လွှင့်ဖြန့်ချိခြင်း ဖြစ်ပါသည်။ ထို့နောက် ယင်းအွန်လိုင်းချိတ်ဆက် နိုင်သည့် (Online Interface)နှင့် အစိုးရ အဖွဲ့အစည်း၏ အစိုးရအဖွဲ့အစည်း၏ လုပ်ငန်းများများကို ချိတ်ဆက်နိုင်ရာမှ ပြည်သူလူထုအနေဖြင့် အစိုးရလုပ်ငန်းများနှင့် အီလက်ထရောနစ် ပုံစံ ချိတ်ဆက် ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။ ထို့နောက် ပြည်သူများအား ဆောင်ရွက် မှုပေးနိုင်သည်။ Web-portal  များကို ထူထောင်နိုင်လာသဖြင့် အစိုးရနှင့် ပြည်သူလူထု “One-to-One Relationship” လုပ်နိုင်လာရာ အစိုးရနှင့် ပြည်သူလူထုအကြား နှစ်လမ်းသွားဆက်သွယ်နိုင်မှု (Two-way Communication Channels) များကို ဖော်ဆောင်နိုင်လာခဲ့ကြပါသည်။ ထို့နောက် e-Government ဖော်ဆောင်မှု ၏ နောက်ဆုံးအဆင့်တွင်မူ ပြည်သူလူထုသည် အစိုးရအဖွဲ့များအား သီးခြားစီ အကွဲကွဲအပြားပြား ဆက်ဆံရမည့်အစား အစိုးရ အစုအားလုံးအတွက် ဆက်သွယ်မှုတစ်ခုတည်း မှတ်ချက်တင်နိုင်သည်။ “One-Stop-Shop” ပုံစံမျိုး ဖြစ်လာစေပါတော့သည်။

ပုံ(၃)တွင် ဖော်ပြထားသည့်အတိုင်း သုတေသနပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများမှ e-Government အကောင်အထည်ဖော်မှု အဆင့်ဆင့်ကို တင်ပြထားခဲ့ပါသည်။ တင်ပြသည့် ရှုထောင့် မတူညီသည်က လွဲ၍ အခြေခံအားဖြင့် ခပ်ဆင်ဆင်ပင်ဖြစ်ကြပါသည်။ သို့သော် ကမ္ဘာပေါ်တွင် e-Government အကောင်အထည် ဖော်ရေးအတွက် ပုံသေလိုက်နာရမည့် တိကျသော ပုံသေနည်းမျိုးမရှိဘဲ သက်ဆိုင်ရာ တိုင်းပြည်၏ အခြေအနေပေါ်တွင်မူတည်ပြီး ကွဲပြားခြားနားမှု များ ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အစပိုင်းတွင် Initiation  (သို့) Information Publishing (သို့) Catalogue (သို့) One-way Communication ကြရပြီး နောက်ဆုံး အဆင့်တွင် Customization (သို့) Full Integration (သို့) Horizontal Integration across Government Administration စသည့် အဆင့်သို့ ရောက်ရှိသွားကြမည် ဖြစ်ပါသည်။

Lame & Loc (2001) မှ အဆိုပြု တင်ပြသော e-Government အကောင်အထည် ဖော်မှုအဆင့်ဆင့်ကို ပုံ (၄) တွင် အသေး စိတ် လေ့လာနိုင်ပါသည်။

Layne &Lee ၏ တင်ပြချက်မှာ အစိုးရလုပ်ငန်းများ Website လွှင့်တင်ပြီး မိမိအဖွဲ့အစည်း အကြောင်းအရာများကို Catalogue ကဲ့သို့ တင်ပြပြီး လိုအပ်သည့်ပုံစံ (Form) များကို Download ယူနိုင်သော One-way Communication ဖြင့်စပါသည်။ ထို့နောက် အစိုးရဆောင်ရွက်မှုများကို Online ရယူနိုင်သော အစိုးရလုပ်ဆောင်ရမည့်ပုံစံ (Form) များကို Online တင်နိုင်ကာ Tow-Way အလုပ်လုပ်နိုင်သည့် အဆင့်ဖြစ်လာပါက တိုက်ရိုက် အစိုးရအဖွဲ့အစည်းများနှင့် အထက်နှင့်အောက် ဒေါင်လိုက် ပေါင်းစပ် သွားသော (Vertical Integration) ဖြစ်သွားရာမှ နောက်ဆုံးတွင် အစိုးရ လုပ်ငန်းများအကြား အလျား လိုက်ပေါင်းစပ်သွားသော (Horizontal Integration) ဖြစ်သွားရာက အစိုးရအဖွဲ့ အစည်းတစ်ခု တည်းပုံ ဖြစ်သွားရာက ပြင်ပလူများအနေဖြင့် အစိုးရ လုပ်ငန်းများ အားလုံးကို တစ်နေရာတည်း ဆက်သွယ်ရုံဖြင့် ဆောင်ရွက်နိုင်သော One-Stop-Shop ပုံစံ ဖြစ်သွား နိုင်ကြောင်း ကို ဖော်ပြထားခြင်းဖြစ် ပါသည်။
Watson & Mundy (၂၀၀၁)အဆိုပြုတင်ပြထားသော e-Government ဖြစ်ပေါ်တိုးတက်မှုတွင် (Initiation) ၊ (Infusion)နှင့် (Customization) ဟူသော အဆင့်(၃)ဆင့်ကိုသာ လွယ်ကူရှင်းလင်းစွာ တင်ပြထားပါသည်။ ပထမအဆင့်အစပျိုးချိန် (Initiation) တွင် Website ဖြင့် ပြည်သူလူထုသိရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို လွှင့်တင်ထုတ် ပြန်လာသည့် အခြေအနေ၌ ပြည်သူလူထုသည် ယင်းအစိုးရ Website ဖြင့် ဆက်သွယ်နိုင် မည်ဖြစ်ပါသည်။ ဒုတိယအဆင့် (Infusion) တွင်မူ အစိုးရတစ်ခုလုံး အီလက်ထရောနစ် အစိုးရ ဖြစ်သွားကာ ပြည်သူလူထုအနေဖြင့် အစိုးရနှင့် သက်ဆိုင်သမျှအားလုံးကို လွတ်လပ် ကျယ်ပြန့်စွာ ထိစပ်နိုင်ရုံသာမက အစိုးရအတွက် ပေးဆောင်ကြရမည့် အခွန်အခအားလုံးကိုလည်း Online ပေးနိုင်သော အခြေအနေဖြစ်ပါသည်။ နောက်ဆုံးအဆင့် (Customization) တွင်မူ အစိုးရနှင့်ပြည်သူ One-To-One ထိစပ် ဆက်ဆံနိုင်မှုရှိသွားကာ ပြည်သူတစ်ဦးချင်းစီ အကြောင်းအရာအလုံးစုံ အလွယ်တကူ သိရှိနိုင်ရန် မှတ်တမ်းတင် သိမ်းဆည်းထားသကဲ့သို့ ပြည်သူ တစ်ဦးချင်းစီမှလည်း မိမိနှင့်သက်ဆိုင်သော အကြောင်းအရာများကို လိုအပ် သလို ပြင်ဆင်ပြောင်းလဲမှုများ လည်း ပြုလုပ်သွားနိုင်မည့် အခြေအနေဖြစ်မျိုးဖြစ်ပါသည်။ e-Government တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ထွန်းအောင် မြင်လာသည်နှင့်အမျှ e-Democracy ပုံစံ လည်း ကျယ်ပြန့် ထွန်းကား လာနိုင်မည် ကိုလည်း ဖော်ပြထားပါသည်။

 
ပုံ (၁) Reinventing Service Delivery


 
ပုံ (၂) Overlapping Domains of e-Governance


 
ပုံ (၃) e-Government Development
 

 
ပုံ (၄) Strategic Phases of e-Government Development