Monday, October 10, 2016

e- Government နှင့် လုံခြုံရေးစိန်ခေါ်မှု (e- Government and the Security Challenge)

e-Government ရည်ညွှန်းချက်အရ ဖြစ်သော အစိုးရဌာနများ အေဂျင်စီများအနေဖြင့် ပြည်သူလူထုနှင့် စီစစ်ရေးလုပ်ငန်းများအား အစိုးရဆောင်ရွက်မှုများကို နေ့ညမပြတ် (၂၄)နာရီပါတ်လုံး အစဉ်မပြတ် ဆောင် ရွက်ပေးနိုင်ရေးအတွက် အစိုးရဌာနများ မပြတ်မလတ်၊ ဘေးတိုက် ဆက်စပ်ချိတ်ဆက်ထားသော စနစ်ကြီးမျိုး တည်ဆောက်လာပြီး ယင်းစနစ်အတွင်းသို့ သန်းပေါင်းများစွာသော ပြည်သူလူထုနှင့် စစ်စီရေး လုပ်ငန်းများကို ၀င်ရောက်ချိတ်ဆက် ဆောင်ရွက်မှုခံယူသည်။ အများပြည်သူ ကွန်ယက် (Public Networkု) မျိုးဖြစ်ရုံသာမက အမျိုးမျိုးသော ဆောင်ရွက်မှုပေးနိုင်ရန် အမျိုးမျိုးသော အသုံးချစနစ်များ (Application System) ကိုလည်းထည့်သွင်းထားရသောကြောင့် အရေးကြီးသော သတိထားရမည့် အခြင်းအရာမှာ လုံခြုံရေး (Security) (သို့) လုံခြုံရေးစိမ်ခေါ်မှု (Security Challenge) ပင်ဖြစ်ပါသည်။ နေ့စဉ်ကြားသိနေရသော ဆိုင်ဘာရာဇ၀တ်မှုများ (Cyber-Crimes) နှင့် လုံခြုံရေးချိုးဖေါက်မှုများ (Security Breaches) ထို့ကြောင့် ပြည်သူ လူထုအနေဖြင့် e-Government ဆောင်ရွက်မှုများအပေါ် လုံခြုံမှုနှင့် ပတ်သက်ပြီး သံသယများရှိနိုင်ပါသည်။ ထို့ကြောင့် ပြည်သူလူထု၏ ယုံကြည်မှု (Public Trust) ရရန် e-Government စနစ်၏ လုံခြုံရေးကျိုးပေါက်မှုများ နည်းနိုင်သမျှနည်းအောင် လုံခြုံရေးနှင့် ပတ်သက်သမျှ တတ်နိုင်သမျှ သိရှိနားလည် ကြိုတင်ကာ ကွယ်စေနိုင်အောင် လုပ်ဆောင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ e-Government စနစ်ကြီးတစ်ခုလုံးတွင် ပါဝင်သက်ဆိုင်နေသော လုံခြုံရေးအစိတ်အပိုင်းများကို ပုံ (၁) တွင် ဖော်ပြထားပါသည်။


ပုံ (၁) e-Government: Enabling Public Sector Reform 9
 

e-Government စနစ်လုံခြုံရေးနှင့် ပတ်သက်၍ အစိတ်အပိုင်း (၄) ခု ပိုင်းခြားကြည့်နိုင်ပါသည်။

၁။ အခြေခံနှင့် အဆောက်အဦလုံခြုံရေး (Infrastructure Security)
e-Government စနစ်ဖြင့် အစိုးရဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ပေးနိုင်ရန်ကြီးမားသော အများသုံး ကွန်ယက် (Public Network) ကြီးကို တည်ဆောက်ထားပါသည်။ အစိုးရဌာနများစွာ ဆက်စပ် အကျုံးဝင်အောင် တည်ဆောက်သကဲ့သို့ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်စွာ အသုံးပြုနိုင်အောင် ဖြန့်ကျက်ထားရသဖြင့် လုံခြုံရေးကျိုးပေါက်နိုင်မှု၊ ချိုးဖေါက်နိုင်မှု အန္တရာယ်များ ရှိနိုင်သကဲ့သို့ အများသုံးကွန်ယက်ပေါ်တွင် အသုံးပြုနေသော သတင်းအချက်အလက် ပမာဏ ကြီးမားလာမှုနှင့် လုံခြုံရေးအရ အရေးကြီးသော သတင်းအချက်အလက်များ ပါဝင်လာမှုတို့ အပေါ်မသမာမှု၊ ခိုးယူမှု၊ လွဲချော်အောင်ပြုလုပ်မှု စသည်တို့လည်း ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် e-Government စနစ်နှင့် ပါဝင်နေသော အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) အတွက် တက်နိုင်သမျှ ဘက်စုံ၊ ထောင့်စုံ စီမံထားရန် လိုအပ်ပါသည်။ အခြေခံအဆောက်အဦ လုံခြုံရေး (Infrastructure Security) နှင့် သက်ဆိုင်သော လုံခြုံရေးအစိတ်အပိုင်းများကို ပုံ (၂) တွင်ဖော်ပြထားပါသည်။


ပုံ (၂) Typical Infrastructure Security Connectivity

ပုံ(၃) Major Application Layer Services

e-Government စနစ်အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) နှင့် ပတ်သက်ပြီး ယေဘုယျလုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
  • ကွန်ယက်၊ အချက်အလက်နှင့် ဆောင်ရွက်မှုများကို ၀င်ရောက်သုံးစွဲရာတွင် တရားဝင် အသိမှတ်ပြုသောသူများ (Legitimate and Authorized Access)ကိုသာခွင့်ပြုရန်
  • ကွန်ယက်တက်လျောက် ပေးပို့ရယူစေနိုင်သော အချက်အလက်များသည် ပြည့်စုံမှန်ကန်ပြီး လျှို့ဝှက် ထိန်းသိမ်းမှုရှိရန် (Integrity and Security)
  • ကွန်ယက်နှင့် ချိန်ဆက်ပြီး သိမ်းဆည်းထားသော သတင်းအချက်အလက်များသည် ပြည့်စုံ မှန်ကန်ပြီး လုံခြုံလျှို့ဝှက်စွာထိမ်းသိမ်းထားနိုင်ရန် (Integrity and Confidentiality of Information Stored)
  • ကွန်ယက်နှင့် စနစ်များသည် အမြဲတမ်းအသင့် ဖြစ်နေပြီး အသုံးချနိုင်မှုရှိစေရန် (Availability and Usability)
  • ကွန်ယက်အတွင်းသို့ လက်ခံမထားသော အသုံးပြုမှုများ၊ ဗိုင်းရပ်(စ်)များနှင့် စနစ်အတွင်းသို့ ချိုးဖေါက်ဝင်ရောက်မှုများ (Undesirable Traffic, Malicious Code (Viruses) and PotentialIntrusion) များကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုစေပြီး ကြီးမားသော ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်မီ လိုအပ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်။
  • အခြေခံအဆောက်အဦ အသုံးပြုခြင်းနှင့်သက်ဆိုင်သော လုံခြုံရေးပေါ်လစီများ ချမှတ်ပေးရန် ( ဥပမာ - Firewall စသောလုံခြုံရေးပစ္စည်းများအသုံးပြုပုံ)၊ စနစ်အတွင်းဝင်ရောက်အသုံးပြုရန် (System Access) နှင့် ပေါ်လစီအတိုင်း လိုက်နာကျင့်သုံးမှုအတွက် ကြပ်မတ်ရန်။
  • အခြေခံအဆောက်အဦစနစ်ကြီးတစ်ခုလုံး အလုပ်လုပ်ပုံကို Audit Logs များအားနည်းမှု ဖြစ်စေသော အချက်များ (Vulnerability Assessment and testy) ကို ပုံမှန်စစ်ဆေးရန်။

၂။ အသုံးပြုစနစ်များလုံခြုံရေး (Application Security)

အခြေခံအဆောက်အဦလုံခြုံရေး (Infrastructure Security) ဆောင်ရွက်ပြီးသည်နှင့် e-Government ၏လုံခြုံရေး ပြည့်စုံလုံလောက်ပြီဟု သတ်မှတ်၍မရနိုင်ပါ။ e-Government အတွက် အသုံးပြုမည့် (Software) အသုံးချစနစ်များ (Application System) လုံခြုံရေးသည်လည်း အရေးကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။ ကွန်ယက်နှင့် အခြေခံအဆောက်အဦလုံခြုံရေး အစီအစဉ် အသုံးချစနစ်များ လုံခြုံရေး (Application Security) သည် ပို၍ သိမ်မွေ့နက်နဲ ရှုပ်ထွေးပါသည်။ ယေဘုယျအားဖြင့် အသုံးချစနစ်များ လုံခြုံရေး (Application Security) တွင်စနစ်အတွင်း ၀င်ရောက်အသုံးပြုသူသည် တရားဝင် အသုံးပြုပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် စစ်ဆေးခြင်း (Authentication)၊ စနစ်အတွင်း ၀င်ရောက်အသုံးပြုသူအား လိုအပ်ချက်အတိုင်း ကန့်သတ် အသုံးပြုခွင့်ပေးခြင်း (Authentication)၊ စနစ်များ အသုံးပြုလျက်ရှိသော အချက်အလက်များကို အခြားမသက်ဆိုင်သောကိစ္စများအတွက် အသုံးပြုမပြုစေရန် ကာကွယ်ပေးခြင်း (Confidentiality) နှင့် အသုံးချစနစ်များ၏ လုပ်ဆောင်ချက်များ အမှားအယွင်းမဖြစ်ရန် ကာကွယ်ခြင်း (Non-Repudiation) တို့ ပါဝင်ပါသည်။

e-Government အသုံးချစနစ်အလွှာ (Application Layer) တွင်ပါဝင်သော လုံခြုံ ဆောင်ရွက်ချက်များ (Security Services) မှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်းပါဝင်
သည်။

Authentication – အသုံးချစနစ်အတွင်း ၀င် ရောက်အသုံးပြုသည့် အမှန်တကယ်အသုံးပြုခွင့် ရှိသူဟုတ်မဟုတ် စစ်ဆေးခြင်း။

Access Control – အသုံးချစနစ်အတွင်း ၀င်ရောက်အသုံးပြုသူအား လိုအပ်ချက်အလိုက် အသုံးပြုမှုကို ကန့်သတ်ထားခြင်း။

Data Confidentiality  – အသုံးချစနစ်နှင့် အသုံးပြုနေသော အချက်အလက်များကို မသက်ဆိုင်သူ (သို့) မသက်ဆိုင်သော အသုံးချစနစ်များအတွက် အသုံးမပြုနိုင်ရန် ကာကွယ်ထားခြင်း။

Data Integrity – အသုံးချစနစ်တွင် အသုံးပြု နေသော အချက်အလက်များသည် အလျင်ပြတ် ပြည့်စုံမှန်ကန်နေရန်လိုအပ်ပြီး မသမာသော ပြုပြင်ပြောင်းလဲမှုများမရှိရန် ကာကွယ်ထားခြင်း။

Non- Repudiation – အသုံးချစနစ်လုပ်ဆောင်ချက်များ အမှားအယွင်းမဖြစ်အောင် ကာကွယ်ခြင်း။

၃။ လူပုဂ္ဂိုလ်တို့၏ မှန်ကန်မှု သက်သေ အထောက်အထားစစ်ဆေးခြင်း (Identity Management)

e-Government စနစ်အတွင်း ၀င် ရောက်အသုံးပြုမည့်သူများ၏ မှန်ကန်မှု ရှိမရှိကို သမားရိုးကျ အသုံးပြုလျက်ရှိသော User Name, Password စသည်တို့ဖြင့် ပြည့်စုံလုံလောက်မှု မရှိနိုင်တော့ပါ။ အရေးကြီးသော အသုံးချစနစ်များတွင် ယင်းကဲ့သို့သော သုံးရိုး သုံးစဉ်တို့ထက် ပိုမိုတိကျသော မှန်ကန်မှု သက်သေစစ်ဆေးခြင်းတို့ လိုအပ်စေသောကြောင့်ဖြစ်ပါ သည်။

မှန်ကန်မှု သက်သေအထောက်အထား (Identity Management) အတွက် မှန်ကန်မှုရှိမရှိ စစ်ဆေးသည့် နည်းပညာ (Authentication Technologic) တွင် အမျိုးအစားသုံးမျိုးပါဝင်သည်။

(၁) သိရှိမှု အခြေခံ (Knowledge based: what you known) သတ်မှတ်ချက်ထက်ပို့သူ (Sender) နှင့် လက်ခံသူ (Receiver) တို့အကြား သိရှိထားသော လျို့ဝှက်ချက်အမှတ် အသား (ဥပမာ- Password, PIN)

(၂) ပိုင်ဆိုင်မှုအခြေခံ (Possession- based: what you have) မှန်ကန်မှုသက်သေခံနိုင်မည့် ပစ္စည်းတစ်ခုခု (ဥပမာ- Key , Passes, Token, Smart Card)

(၃) လူ့ခန္ဓာကိုယ်အခြေခံအမှတ်အသား (Biometric-based: What you are) မှန်ကန်မှု သက်သေခံနိုင်သော ပုံစံတူမရှိနိုင်သော လူ့ခန္ဓာ ကိုယ်နှင့်သက်ဆိုင်သောအမှတ်အသား (Fingerprint, Voice, Facial, Retina, Iris, Typing or Witten Pattern) မှန်ကန်မှု သက်သေအထောက်အထား စစ်ဆေးမှုအဖြစ် အထက်ဖော်ပြပါ နည်းလမ်းတစ်ခုခု (သို့) တစ်ခုထက်မက တွဲဖက်၍လည်း အသုံးပြုစေလိုပါသည်။ တစ်မျိုးထက်မက တွဲဖက် အသုံးပြုခြင်းကို (Multifactors Authentication) ဟုခေါ်ပါသည်။

မှန်ကန်မှု သက်သေအထောက်အထား စစ်ဆေးမှုတွင် အသုံးပြုသော နည်းလမ်းတစ်ခု မှာ PKI (Public Key Infrastructure) ပင်ဖြစ်ပါသည်။ ကုန်ကျစရိတ်များပြားပြီး တပ်ဆင်မှု ကျယ်ပြန့် ရှုပ်ထွေးသောကြောင့် နေရာတိုင်းတွင် အသုံးမပြုသော်လည်း အရေးကြီးသော လုပ်ဆောင်ချက်များ အထူးသဖြင့် e-Commerce ကဲ့သို့သော ငွေရေးကြေးရေးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက် များတွင် အလေးထားအသုံးပြုပေးလေ့ ရှိပါသည်။ PKI ကို အများသုံး ကွန်ယက်တွင် ဆက်သွယ် လုပ်ဆောင်မှုများ လုံခြုံစိတ်ချစေရန် အသုံးပြုခြင်းဖြစ်ပြီး Software ၊ စာဝှက်သည် နည်းပညာ (Encryption Technologies) တို့ပေါင်းစပ်အသုံးပြုသော နည်းပညာတစ်ခုဖြစ်ပါသည်။ PKI ၏ အခြေခံသဘောမှာ Private Key နှင့် Public Key ဟူသော ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်များ (Digital Certificate) များ အသုံးပြုပြီး မှန်ကန်မှု သက်သေ အထောက်အထား စစ်ဆေးပြီး စနစ်အတွင်း ၀င်ရောက် အသုံးပြုစေခြင်းပင် ဖြစ်သည်။ စနစ်အတွင်း အလက်များရယူခြင်း အားလုံးကိုလည်း စာဝှက်ပြုလုပ်ခြင်း (Encryption) ပြုလုပ်ထားသဖြင့် သတင်းအချက်အလက် လုံခြုံစိတ်ချမှု Information Security ကို တစ်ပြိုင်တည်း တာဝန်ခံနိုင်မည်ဖြစ်ပါသည်။
PKI အနေဖြင့် သတင်းအချက်အလက်လုံခြုံရေး (Information Security) နှင့် မှန်ကန်မှု သက်သေ အထောက်အထား စိစစ်ခြင်း (Information Security) တို့ကို အောက်ပါ နည်းများဖြင့် ဆောင်ရွက် လျက်ရှိပါသည်။

(က) လုပ်ဆောင်မှုစနစ်တွင် ပါဝင်သူများအနေ ဖြင့် မှန်ကန်မှုသက်သေအထောက်အထားများကို အတည်ပြုနိုင်ခြင်း (Identity Management)

PKI စနစ်အရ (Cryptographic Key) မှ ပါဝင်သော ဒစ်ဂျစ်တယ် သက်သေခံ လက်မှတ်များ (Digital Certificate) ထုတ်ပေးထားသဖြင့် စနစ်တွင် ပါဝင်ဆောင်ရွက်နေ သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ Websites ဆောင်ရွက်သူများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှန်ကန်မှု သက်သေအထောက်အထားများကို အသိအမှတ်ပြုလုပ်ဆောင်နိုင်ကြ မည်ဖြစ်ပါသည်။

(ခ) သတင်းအချက်အလက်များသည် စစ်မှန် ကြောင်း ထောက်ခံနိုင်ခြင်း (Verify Integrity of Transaction)

ဒစ်ဂျစ်တယ်လက်မှတ်များ (Digital Signature) အသုံးပြုပြီး သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို ပေးပို့ရယူကြသဖြင့် ယင်းတို့သည် မူလအတိုင်းစစ်မှန်ကြောင်း အတု အပမဟုတ်၊ လမ်းခရီးတွင် ပြင်ဆင်ပြောင်းလဲထားခြင်းမဟုတ်ကြောင်းကို ထောက်ခံနိုင်ပါသည်။

(ဂ) သတင်းအချက်အလက်များ လျှို့ဝှက်ပေးနိုင်ခြင်း (Provide Information Privacy)

PKI စနစ်တွင် ပေးပို့ရယူသော သတင်းအချက်အလက်များကို (Cryptographic Key) များ အသုံးပြု၍စာဝှက်များ အသွင်ပြောင်းထားခြင်းကြောင့် ဆက်သွယ်ပေးပို့သော လမ်းကြောင်း တစ်လျောက်တွင် လုံခြုံစိတ်ချရစေပါ သည်။

(ဃ) မှားယွင်းလုပ်ဆောင်မှုများမဟုတ်ကြောင်း သက်သေခံခြင်း (Ensure No-Repudiation of Messages)

ဒစ်ဂျစ်တယ်လက်မှတ်များ (Digital Signature) ပါဝင်သော ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် (Digital Certification) များ အသုံးပြုသောကြောင့် စနစ်အတွင်းပါဝင်လုပ် ဆောင်နေသူများမှာ အစစ်အမှန်ဖြစ်ပြီး ၎င်းင်းတို့ လုပ်ဆောင်နေသော လုပ်ဆောင်ချက်များမှာလည်း အမှားအယွင်းများ အတုများ မဟုတ် ကြောင်းကို သက်သေခံပါသည်။
ပုံ(၄) Input to Information Assurance


၎။ သတင်းအချက်အလက်များမှန်ကန်မှု ရှိကြောင်းအာမခံခြင်း (Information Assurance)

သတင်းအချက်အလက်များ မှန်ကန်မှုရှိကြောင်း အာမခံခြင်း (Information Assurance-IA) ဆိုသည်မှာ မှန်ကန်သော သတင်းအချက်အလက်များကို သက်ဆိုင်သော ပုဂ္ဂိုလ်များထံသို့ သတ်မှတ်သည့် အချိန်နှင့် မည်သည့် ဆက်သွယ်သည့် ပစ္စည်းအမျိုးအစား များကို အသုံးပြုသည် ဖြစ်စေ ( ဥပမာ- PC, Laptop, PDA, Tablet, Mobile Phone) လုံခြုံစိတ်ချစွာ ဆက်သွယ် ပေးပို့ရယူနိုင်ရမည် ဟုဆိုလိုပါသည်။ သတင်းအချက်အလက်များ မှန်ကန်ကြောင်းအာမခံခြင်း (IA) ရည်မှန်းချက်ကို အထမြောက်ရန်မှာ အလွန်ကျယ်ပြန့်စွာ ပါဝင်စိစစ်ရေးလုပ်ဆောင်ချက်များ (Barites Procures) ပေါ်လစီများ (Policies)၊ လူတို့၏ အလေ့အထယဉ်ကျေးမှု (Culture)၊ နည်းပညာများ (Technical Tools) နှင့် အသုံးပြုသူများ၏ သိနားလည်မှုများ (Adequate user education) အားလုံးအကျုံးဝင်လျက် ရှိပါသည်။ (IA) အတွက်တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပုံသေနည်ဟူ၍ မရှိနိုင်ဘဲ အစိုးရ၏ (e-Services) များအပေါ် တက်နိုင်သမျှ မှန်ကန်မှုအတွက် ယုံကြည်အားထားမှု (Trust and Confidence) ရှိရန် ကြိုးပမ်း ဆောင်ရွက်ကြရန်သာဖြစ်ပါသည်။ ရာနှုန်းပြည့် တာဝန်ခံနိုင်ရန် မဟုတ်သော်လည်း အားနည်း ချက်များ၊ ဟာကွက်များ၊ အမှားအယွင်းဖြစ် သည့်နေရာများကို အမြဲတမ်းစစ်ဆေးကြည့်ရှုပြီး တက်နိုင်သမျှသော အကာအကွယ်များ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီး အမှားအယွင်းနည်းရန်၊ ထိခိုက်ဆုံးရှုံးမှုနည်းရန် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။