Tuesday, September 15, 2015

MCC Group နှင့် AIT တို့ နားလည်မှုစာချွန်လွှာ (MOU) ထပ်မံရေးထိုးခြင်း


၂၀၀၉ခုနှစ်တွင် စတင်ခဲ့သော MCC Training Institute သည် ယခုအခါတွင် ခြောက်နှစ်ကျော် ကာလကို ကျော်လွှားဖြတ်သန်းခဲ့ပါပြီ။ ၂၀၀၉ခုနှစ်တွင် ကွန်ပျူတာသိပ္ပံဘွဲ့ သင်တန်းများဖြင့် စတင်ခဲ့ပြီး ၂၀၁၀ပြည့်နှစ်တွင် School of Engineering ကို တိုးချဲ့ဖွင့်လှစ်ကာ အင်ဂျင်နီယာသိပ္ပံဘွဲ့သင်တန်းများ ပို့ချပေးခဲ့ပါသည်။ အင်ဂျင်နီယာ ကွန်ပျူတာသိပ္ပံဘွဲ့များ ချီးမြှင့်ပေးသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ AIT (Asian Institute of Technology) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရပါသည်။ အဓိကအားဖြင့် AIT ၏ ဘွဲ့ကြိုသင်တန်းများဖြစ်သော BSE (Bachelor of Science in Engineering) အင်ဂျင်နီယာသိပ္ပံဘွဲ့ သင်တန်းများကို MCC Training Institute (MCC.i) နှင့် AIT တို့အကြား (2+2) Twinning Program ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ MCC.i တွင် (၂)နှစ် တက်ရပြီး တတိယနှစ်နှင့် စတုတ္ထနှစ်တို့ကို AIT တွင် တက်ကာ AIT မှ ချီးမြှင့်သော အင်ဂျင်နီယာသိပ္ပံဘွဲ့ကို ရယူရန်ဖြစ်ပါသည်။ ယခုတစ်ကြိမ် ၂၀၁၅ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရေးထိုးသော နားလည်မှုစာချွန်လွှာ (MOU) မှာ AIT မှ ချီးမြှင့်မည့် မဟာအင်ဂျင်နီယာသိပ္ပံဘွဲ့ (Master of Engineering) အတွက် ဖြစ်ပါသည်။ AIT ၏ President ဖြစ်သူ Mr. Worsnk Kanok-Nukulchai နှင့် MCC Group ၏ Chairman ဦးတင်ဝင်းအောင်တို့ ကိုယ်တိုင် MOU ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယင်းလက်မှတ်ရေးထိုးပွဲသို့ AIT Vice President ပါမောက္ခ Dr. Scivamappan Kumar အပါအ၀င် School of Engineering and Technology, School of Environmental Resource and Development, School of Management တို့၏ အကြီးအကဲများ၊ Program Director ဖြစ်သူ Dr. Netin Kumar Tripathi နှင့် Under Graduate Program ကို တာဝန်ယူနေသူ ပါမောက္ခဒေါက်တာ သန်းလင်းတို့ တက်ရောက်ခဲ့ပါသည်။ MCC Group ဘက်မှ Chairman ဦးတင်ဝင်းအောင်နှင့်အတူ Vice-Chairman ဒေါ်သာယာသန်းတို့ တက်ရောက်ခဲ့ပါသည်။ ယခုတစ်ခေါက် ရေးထိုးခဲ့သော MOU မှာ Unified International Bachelors-Master Degree Program ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ငါးနှစ်အတွင်း အင်ဂျင်နီယာသိပ္ပံ ဒီဂရီနှင့် မဟာအင်ဂျင်နီယာသိပ္ပံ ဒီဂရီ ရရှိစေနိုင်မည့် အစီအစဉ် ဖြစ်ပါသည်။ လက်ရှိ MCC က ကျောင်းသား၊ ကျောင်းသူများအား AIT မှ ချီးမြှင့်မည့် အင်ဂျင်နီယာသိပ္ပံဘွဲ့ အစီအစဉ် (MCC တွင် နှစ်နှစ်၊ AIT တွင် နှစ်နှစ်) အစား MCC နှင့် AIT တို့ လက်မှတ်ရေးထိုးလိုက်သော အစီအစဉ်တွင် (3+2) အစီအစဉ်ဖြစ်သည့် MCC တွင် သုံးနှစ်၊ AIT တွင် နှစ်နှစ်တက်ပြီး မဟာအင်ဂျင်နီယာသိပ္ပံဘွဲ့ (Master of Engineering) ကို ရယူနိုင်မည် ဖြစ်ပါသည်။ AIT တက်ချင်သော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် မင်္ဂလာ သတင်းကောင်းပင်ဖြစ်ပြီး ယင်းရွှေအခွင့်အရေးကြီးကို MCC က မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့ပြီ ဖြစ်ပါသည်။








AIT သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသော နိုင်ငံတကာတက္ကသိုလ် (International Institute) ဖြစ်ပါသည်။ နိုင်ငံတကာတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်အရ အာရှဒေသ၏ ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်ပါသည်။ နိုင်ငံပေါင်း ၈၃ နိုင်ငံရှိ တက္ကသိုလ်ပေါင်း ၁၂၀၀ ကျော်အနက် ထိပ်ဆုံးအဆင့် တက္ကသိုလ်ကြီး ၄၁ ခုတွင် ပါဝင်သော တက္ကသိုလ် ဖြစ်ပါသည်။ ကမ္ဘာ့တက္ကသိုလ်များ၏ အဆင့်ကို သတ်မှတ်သော QS Stars Rating Program အရ အတန်းအစား သုံးမျိုး၏ ကြယ်ငါးပွင့်စီကို AIT က ရရှိထားပါသည်။